လူအပါအဝင် သတ္တဝါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။ ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။ လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။ အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။ အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။
အိပ်ရာမဝင်မီ ရေချိုးခြင်း။
အိပ်ရာမဝင်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင် ရိုးရိုးရေကို ချိုး၍, ချမ်းအေးသောရာသီတွင် ရေနွေးဖြင့်စပ်၍ ချိုးပါက အရေပြားသို့ သွေးအရောက်များပြီး အိပ်ပျော်စေနိုင်ပါသည်။
အိပ်ရာမဝင်မီ တူရိယာဂီတ နားထောင်ခြင်း။
အိပ်ရာမဝင်မီ ငြိမ့်ညောင်းသာယာသော ဂီတသံများ နားထောင်ခြင်း၊ ပျော်ရွှင်ဖွယ်၊ စိတ်ငြိမ်းချမ်းဖွယ် ရုပ်ရှင်၊ တယ်လီဗေးရှင်းဇာတ်လမ်းများ ကြည့််ရှုခြင်းမှာ စိတ်ကို လန်းဆန်း၍ လူကို အိပ်ပျော်စေပါသည်။ စာဖတ်ခြင်း။ အိပ်ရာမဝင်မီ မိမိစွဲမက်သော ၀တ္ထုစာအုပ်များကို ဖတ်၍ အိပ်ပါက အိပ်၍ပျော်စေပါသည်။
စိတ်လျော့ခြင်း။
မအိပ်မီ စိတ်လျော့ခြင်း၊ တရားထိုင်ခြင်း၊ အနင်းအနှိပ် ခံခြင်းများသည်လည်း အိပ်၍ပျော်စေပါသည်။
နွားနို့ပူပူသောက်ခြင်း။
အိပ်ရာမဝင်မီ နွားနို့(သို့) အိုဗာတင်း၊ မိုင်လို စသည်တို့ကို ခပ်ပူပူ ခပ်နွေးနွေး တခွက်သောက်ပါက အိပ်ပျော်စေသည်။ ဗိုက်လည်းပြည့်၊ သွေးလည်ပတ်မှုနှင့်လည်းညီ၊ အာဟာရလည်းရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပေသည်။
ကခုန်ခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
အိပ်ရာမဝင်မီ နာရီဝက်၊ တနာရီခန့် ကခုန်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်
လူ၏ကြွက်သားများကို ပျော့ပျောင်းစေပြီး သွေးလည်ပတ်မှုကို ကောင်းစေသည်။ ကိုယ်ခန္ဓာမှ အညစ်အကြေးများကိုလည်း ထွက်စေသည်။ ထိုသို့ပြုလုပ်ပြီးနောက် ရေချိုးပြီး အိပ်ရာဝင်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါသည်။ Reference ။
ဒေါက်တာမောင်မောင်ညို
Comments
Post a Comment