Belching လေတက်တာကို Burping, Ructus, Eructation စသဖြင့် ခေါ်တယ်။ အစာလမ်းကြောင်းထဲက လေတွေ အထက်တက်ပြီး ပါးစပ်ကနေ ထွက်လာတာဖြစ်တယ်။ အများအားဖြင့် အစာမျိုပြွန် နဲ့ အစာအိမ်ထဲက လေတွေ တက်-ထွက်လာတာပါ။ လေတက်ရင်း အသံပါထွက်တယ်။ တခါတလေ အနံ့အသက်လဲပါမယ်။
လူတိုင်းအဲလိုဖြစ်ကြပေမဲ့ လူ့ရှေ့သူ့ရှေ့ လေတက်တာကို မယဉ်ကျေးဘူးလို့ ယူဆကြတယ်။ လေတက်ခြင်းရဲ့ ဇီဝကမ္မဗေဒ လူတိုင်း အစာဖြစ်ဖြစ် ရောဖြစ်ဖြစ် သောက်စရာတခုခုဖြစ်ဖြစ် မျိုးချခိန်မှာ လေပိုပါ မျိုချတယ်။ မကြာမတင် လေကို ထုတ်ပြစ်တယ်။ ပုံမှန်ဆိုရင် နိုက်ထရိုဂျင် နဲ့ အောက်စီဂျင် တွေပါနေတယ်။
Carbonated drinks ကာဗွန်ပါနေတဲ့ သောက်စရာမျိုးသောက်ရင် ချက်ချင်းလေတက်မယ်။ ဥပမာ ဘီယာ၊ ရှိန်ပိန်၊ အချိုရည်။ ဒါမျိုးထဲမှာတော့ Carbon dioxide ကာဗွန်ဒိုင်အောက်ဆိုက် ပါနေတယ်။ Metformin နဲ့ Byetta လို ဆီးချိုဆေးတွေကလဲ လေပိုတက်စေတယ်။ လေတက်တာနဲ့အတူ အစာမကျေတာ၊ ပျို့ချင်တာ၊ ရင်ခေါင်းနေရာ နာတာတွေပါ တွဲဖြစ်နေရင် အနာ၊ ဒါမှမဟုတ် Hiatal hernia အစာမျိုပြွန် အထက်ကျွံတာ ဖြစ်မလား ဆေးစစ်ရမယ်။
လေတက်ရင် အသံထွက်တာဟာ အစာမျိုပြွန် အထက်ဖျားက အထိန်းဝိုင်း တုန်ခါလို့ ဖြစ်တယ်။ ကလေးငယ်လေးတွေ လေတက်တာ မဆန်းပါ။ နို့စို့ရင်း လေပါမျိုးလို့၊ လေတက်မယ်။ မတက်နိုင်ရင် အနေရခက်ပြီး ငိုမယ်။ အန်မယ်။ နို့တိုက်ပြီးတိုင်း လေထုတ်ရမယ်။ ကလေးကို ပခုံးပေါ်မှာ မသာတင်၊ သူ့ဗိုက်ကို ပွေ့တဲ့ရဲ့ ရင်ပတ်နဲ့ ကပ်ထား၊ ကျောကလေးကို အသာပွတ်-ပုတ်ပေးရတယ်။ လေထွက်ရင် အမေကပြုံးလိမ့်မယ်။
အမေလေတက်လို့ Excuse me! မပြောရင် ရိုင်းရာကျတယ်။ ခွေးတွေ၊ ကြောင်တွေလဲ လေတက်တာဘဲ။ အစာစားတာ မြန်ရင်လဲ လေတက်တယ်။ စားရင်း စကားများများ ပြောရင်လဲ တက်မယ်။ Chew gum ဝါးလို့လဲ တက်မယ်။ ဖျော်ရည်ကို ပိုက်နဲ့ စုပ်သောက်တာလဲ လေပိုဝင်စေနိုင်တယ်။
Acid reflux အက်စစ်ဓါတ် အထက်ဆန်တာကတော့ အစာမျိုပြွန် အောက်ဖျားက အထိန်းဝိုင်း သိပ်မကောင်းလို့ ဖြစ်တယ်။ သူကောင်းနေမှ အစာအိမ်ထဲရောက်သွားပြီဖြစ်တဲ့ အစားအစာနဲ့ ရေ-အရည်တွေကိုရော၊ အစာကျေချက်ဘို့ ထွက်လာတဲ့ အက်စစ်ဓါတ်တွေကို အစာအိမ်ကနေ အထက်တက်မလာစေအောင် ထိန်းပေးနိုင်တယ်။
ဒီလိုဖြစ်သူတွေမှာ ရင်ပတ်ရိုး အောက်မှာ ပူလောင်နေတာမျိုးထံစားရမယ်။ ဗိုက်လဲ အောင့်မယ်။ ပျို့ချင်မယ်။ လေတက်တာ သိပ်များလိမ့်မယ်။
အလွန်အကျွံ လေတက်ရင် Acid Reflux (GERD), Barretts Esophagus, Colitis, Colon/Bowel Disorders, Crohn's Disease နဲ့ Diverticulitis/Diverticulosis ရောဂါတွေကို စစ်ဆေးရမယ်။
GERD ဆိုတဲ့ အစာချေအရည် အထက်ဆန်တဲ့ရောဂါဖြစ်သူတွေကို အိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်စေတယ်။ ခေါင်းရင်းပိုင်း မြှင့်ထားရတယ်။ အစာကို နဲနဲချင်း အကြိမ်များများခွဲစားစေရတယ်။ ကိုယ်အလေးချိန်ဝနေရင် ချစေရတယ်။ အက်စစ်ဓါတ်များတဲ့အစာတွေ ရှောင်စေတယ်။ အဆီများတာ၊ ကြက်သံန်နီ၊ ချောကလက်၊ ကော်ဖီ၊ လဘက်ရည်တွေကိုလဲ ရှောင်စေတယ်။ GERD အတွက် ဆေးအဖြစ် Antacids ဆေးကိုတော့ လူတိုင်းလိုလိုက သုံးကြတယ်။ နောက်ပြီး Omeprazole, Esomeprazole, Pantoprazole, Lansoprazole နဲ့ Rabeprazole တွေပေးတယ်။ နောက်အမျိုးအစားဆေးကတော့ Ranitidine, Famotidine နဲ့ Cimetidine တွေဖြစ်တယ်။
- Cabbage မုံလာထုပ်၊ Legumes ပဲတောင့်ရှည်၊ Beans ပဲသီး၊ Brussels and sprouts မုံလာ အမျိုးမျိုး၊ Milk နို့တွေကို ရှောင်ထားသင့်တယ်။ လက်ဖက်ရည်၊ ကော်ဖီသောက်တာလဲ မများသင့်ဘူး။
- Yoghurt ဒိန်ချဉ်ကိုလဲ ထမင်းစားပြီးစားသုံးသင့်တယ်။
- ချင်း (ဂျင်း) ကလဲ သက်သောစေတယ်။
- တချို့က ချင်းပြုတ်ရည် တဇွန်း နဲ့ သုံပုရာ-ရှောက်ရည် တဇွန်းကို ထမင်းစားပြီးတိုင်း သောက်ဘို့ ဆေးနည်းပေးတယ်။
- နောက်တနည်းက (သံပုရာရည် တဇွန်း + ဆိုဒါ ဇွန်းတဝက် + ရေအေး တဖန်ခွက်) သောက်ခိုင်းတယ်။
- အစာစားတာကို တနေ့ ၄-၆ ခါ နဲနဲချင်း ခွဲစားပါ။
- စားရင်း-ဝါးရင်း ပါးစပ်ပိတ်ထားပါ။ အစာစားတာ ဖြေးဖြေးစားပါ။
- စိတ်ပူစရာ၊ စိတ်ရှုတ်စရာတွေ ပြေအောင်ကြိုးစားပါ။
- အသက် ဖြေးဖြေးရှူပါ။
- စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။ Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း ကိုလဲ ဖတ်နိုင်ပါတယ်။
Dr. တင့်ဆွေ
Comments
Post a Comment