ဆီးနှင့် ကျောက်ကပ် ရောဂါ
━━━━━━━━━━━━━━━━━
ဆီးနှင့်ကျောက်ကပ်ရောဂါ ကင်းဝေးလိုလျှင် ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်း ခါးကျောရိုး ၏ တစ်ဘက်တစ်ချက်တွင်ရှိသော ကျောက်ကပ်တစ်စုံသည် သွေးထဲရှိ ဓာတ်ပစ္စည်း များစွာ အနက် လိုအပ်သည်များကို စစ်ယူ သိမ်းဆည်းခြင်းနှင့် မလိုအပ်သည်များကို ဆီးနှင့် အတူ ဖယ်ထုတ်ပစ်ခြင်းတို့ကို တိတ်ဆိတ်စွာ ပြုလုပ်ပေးနေသည့် အင်္ဂါတစ်စုံ ဖြစ်ပါသည်။ ကျောက်ကပ်တစ်ခုသည် ၅ အောင်စခန့်သာ လေးသော်လည်း ၎င်းအ တွင်း၌ သွေးများကို သန့်စင် စစ်ထုတ်ပေးသည့် စစ်ထုတ်ပြွန်ကလေးပေါင်း တစ်သန်း ကျော် ပါရှိလေသည်။
ကျောက်ကပ် တစ်စုံသည် တစ်နာရီလျှင် ကိုယ်ခန္ဓာရှိ သွေးစုစုပေါင်း၏ နှစ်ဆခန့် (ဂလူး ကိုစ့် ပုလင်း ၁၀ ပုလင်းခန့်) ကို စစ်ထုတ် သန့်စင်ပေးလျက် ရှိပါသည်၊ ထိုသို့ ၂၄ နာရီပတ်လုံး သွေးများကို စစ်ထုတ် သန့်စင် ပေးပြီး ထွက်ပေါ်လာသည့် ခန္ဓာကိုယ်အတွက် မလိုအပ်သည့် ဓာတ်ပစ္စည်းများကို ဆီးနှင့်အတူ ဆီးအိမ်မှတဆင့် ပြင်ပသို့ စွန့်ထုတ် ပစ်စေပါသည်။
ခန္ဓာကိုယ်အတွက် လိုအပ်သည့် သကြားဓာတ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်နှင့် မဂ္ဂနီဆီယမ်တို့ကိုမူ ပြန်လည် စစ်ယူပြီး သွေးထဲသို့ ပြန်ပို့ပေးပါသည်၊ ယူရီးယား၊ ယူရစ်အက်စစ်၊ ဆာလဖိတ်နှင့် ဖော့စဖိတ် ဓာတ်များကိုမူ ခန္ဓာကိုယ်အတွက် လိုအပ်သည် ထက် ပိုနေပါက ပိုသည့် ပမာဏကို ဆီးနှင့်အတူ ပြင်ပသို့ စွန့်ထုတ်ပစ်ပါသည်၊ ထို့ပြင် ကိုယ်ခန္ဓာအတွင်း ရှိနေသည့် ရေပမာဏကို လည်း ကျောက်ကပ်ကပင် လိုအပ်သည့် ပမာဏ အတိုင်းရှိရန် ထိန်းသိမ်းပေးပါသည်၊ အကယ်၍ ရေဓာတ်များ ခန္ဓာကိုယ်အတွင်း လိုသည်ထက် များလာပါက ဆီးများများ ဖြစ်ပေါ်စေပြီး စွန့်ထုတ် ပစ်လိုက်ပါသည်။
ရေဓာတ်များ ခန္ဓာကိုယ်အတွက် လိုအပ်နေပါမူ ဆီးဖြစ်ပေါ်မှုကို နည်းပါးစေကာ ခန္ဓာကိုယ်အတွင်း လိုအပ်သည့် ပမာဏသို့ ရောက် ရှိစေရန် ထိန်းညှိ ပေးပါသည်။ ထိုကဲ့သို့သော လုပ်ငန်းများကို လုပ်ဆောင်ပေးသည့် ကျောက်ကပ်သည် လုပ်ငန်းများ ပြည့်၀စွာ ဆောင်ရွက်နိုင်ရန်အတွက် သွေးများကို ၎င်းထံ ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မည့် သွေးဖိအားမျိုး ကိုယ်တွင်း၌ ရှိနေရန် လို အပ်ပါသည်၊ အကယ်၍ သွေးထွက် လွန်ခြင်းကြောင့်သော်၎င်း၊ ရှော့ဖြစ်ခြင်းကြောင့်သော်၎င်း၊ သွေးပေါင်ချိန် အရမ်းကျ ဆင်းသွား ပါက ကျောက်ကပ်သည် မိမိ၏ လုပ်ငန်းများကို ပြည့်၀စွာ ပြုလုပ်ပေးရန် ခက်ခဲလာပြီး ခန္ဓာကိုယ်အတွင်း ဓာတ်ပစ္စည်းများ စုပုံလာ ၍ အန္တရာယ် ရှိနိုင်ပါသည်။
တဖန် သွေးပေါင်ချိန် အရမ်းများပြားနေပါကလည်း ကျောက်ကပ်အား တဖြည်းဖြည်း ထိခိုက် ပျက်စီးစေပါသည်၊ ၎င်းကို သွေးတိုး ရောဂါရှိသူများ၌ အများဆုံး တွေ့ရှိရပြီး အချိန် ကြာလာသည်နှင့်အမျှ သွေးတိုးကြောင့် ကျောက်ကပ်၏ စစ်ထုတ်ပြွန်များ ကျုံ့ပြီး ထိ ခိုက် ပျက်စီးသွားကာ အမာရွတ်များ ဖြစ်ပေါ်စေပါသည်၊ ထိုအခါ ကျောက်ကပ်သည် တဖြည်းဖြည်း အရွယ်သေးငယ်လာပြီး နောက် ဆုံးမိမိ၏ လုပ်ငန်းတာ၀န်များကို ပြည့်၀စွာ ထမ်းဆောင်နိုင်ခြင်း မရှိတော့သော အခြေအနေသို့ ရောက်ရှိလာတတ်ပါသည်၊ ထိုကဲ့သို့ ဖြစ်ခြင်းကို Renal Failure ဟု ခေါ်ဆိုပြီး ထိုအခြေအနေမျိုး ရောက်ရှိသွားပါက သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိပါသည်။ အမှန် စင်စစ် ကျောက်ကပ်သည် သူ့၌ ရှိသော စစ်ထုတ်ပြွန်များ အားလုံး၏ ၉၀% ပျက်စီးသွားသည့်တိုင် ကျန် ၁၀% သော စစ်ထုတ် ပြွန် များဖြင့် ၎င်း၏ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်၊ ကျောက်ကပ်တစ်စုံ ရှိသည့်အနက် တစ်ခု ကို အကြောင်းအမျိူးမျိုးကြောင့် ခွဲထုတ် ပစ်လိုက်သည့်တိုင်အောင် ကျန်ကျောက်ကပ် တစ်ခုဖြင့် ဆက်လက် အသက်ရှင် နေထိုင် နိုင်ပါသည်။
ဆီးနှင့် ကျောက်ကပ်၌ မည်သည့်ရောဂါများ ဖြစ်ပွားတတ်ပါသနည်း။ ဆီးနှင့် ကျောက်ကပ်ရောဂါများအနက် ကျောက်တည်ခြင်းနှင့် ရောဂါပိုးမွှားများကြောင့် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ရောင်ခြင်းတို့သည် အဖြစ်အများဆုံး ဖြစ်ပါသည်။
(၁) ကျောက်တည်ခြင်း (Renal Stone)
အပူပိုင်း ဒေသများ၌ ပူပြင်းပြီး စိုထိုင်းမှုများတတ်သည့် အလျောက် ချွေးထွက်များလေ့ရှိပါသည်၊ ထိုအခါ ခန္ဓာကိုယ်မှ ရေဓာတ် ဆုံး ရှူံးမှုများသဖြင့် ဆီးဖြစ်ပေါ်မှု နည်းပါးတတ်ပါသည်၊ အကယ်၍ ရေကို လုံလောက်အောင် များများ မသောက်ပေးပါက ဆီးပမာဏ နှင့် ၎င်းထဲပါသော ဓာတ်ပစ္စည်းများ မမျှမတ ဖြစ်လာတော့သည်။
ထိုအခါ ဆီးထဲ၌ မပျော်၀င်နိုင်တော့သော ကယ်လဆီယမ် အောက်ဇဲလိပ်နှင့် ယူရစ်အက်စစ်အမှုန်များ အနယ်ကျလာပြီး နောက်ဆုံး ကျောက်တည်ခြင်း ဖြစ်ပေါ်လာတော့သည်၊ ထို့ပြင် ဆီးလမ်းကြောင်း ရောင်ခြင်းကြောင့်လည်း ကျောက်တည်ခြင်း ဖြစ်ပေါ် လာနိုင် ပါသည်၊ အဖြစ်များသော ကျောက်တည်ခြင်းများမှာ အောက်ခံ လိပ်ကျောက် (Oxalate)၊ ကယ်လဆီယမ်ကျောက် (Calcium)၊ နှင့် ယူရစ် အက်စစ်ကျောက် (Uric acid) တို့ဖြစ်ကြပါသည်။
(၂) ကျေက်ကပ်ပြည်တည်ရောင် ရောဂါ (Pyelonephritis)
ဤရောဂါသည် B.Coli ခေါ် ရောဂါပိုး ကျောက်ကပ်ထဲသို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါ ဖြစ်ပါသည်။ ဤရော ဂါပိုးများသည် ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ အူအတွင်း၌ သန်းပေါင်းများစွာရှိနေပြီး မည်သည့် အန္ထရာယ်မှ ပေးခြင်း မရှိပေ၊ သို့သော် အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ်သို့ ရောက်ရှိသွားပါမူ ကျောက်ကပ်ရောင်ခြင်းကို ဖြစ်ပေါ်စေပါသည်။ အများအားဖြင့် ၀မ်း နှုတ်ဆေး မကြာခဏ စားခြင်း မကြာမကြာ ၀မ်းချူခြင်းတို့ကြောင့် ပိုးများ ကျောက်ကပ်သို့ ရောက်ရှိသွားတတ်ပါသည်။
ဤရောဂါ ဖြစ်ပေါ်လာပါက အပြင်းဖျားခြင်း၊ ခါးတစ်ဖက် တစ်ချက်တွင် အောင့်ခြင်းတို့မှအပ အခြား သိသာထင်ရှားသော လက္ခဏာ များ မပြတတ်ပေ၊ ခါးတစ်ဖက်တချက်ရှိ ကျောက်ကပ်ရှိသော နေရာကို လက်ဖြင့်ထုပြီး စမ်းသပ်ကြည့်ပါက ရောင်နေသော ကျောက်ကပ်ရှိသည့်ဘက်၌ အထဲမှနေ၍ အောင့်ပြီး နာလာလေ့ရှိပါသည်။
ဆီးစစ်ကြည့်ပါက ပြည်ဆဲလ်များ (Pus cells) တွေ့ရှိရပါသည်၊ ဆီးကို ပိုးမွေးကြည့်ခြင်း (Urine Culture) လုပ်ကြည့်ခြင်းဖြင့် ရော ဂါ ဖြစ်ပွားစေသော ပိုးမွှာများကို အတိအကျ သိရှိနိုင်ပြီး ၎င်းအား ထိရောက်စွာ ကုသနိုင်မည့် ပဋိဇီဝဆေးများကိုလည်း သိရှိနိုင်ပါ သည်၊ ဤရောဂါသည် တစ်ခါ တစ်ရံတွင် ကာလကြာရှည်စွာ မပျောက်ဘဲ ရှိတတ်သဖြင့် ၃ လ မှ ၆ လ ခန့်အထိ သေသေချာချာ ဆေးကုသမှု ခံယူရန် လိုပါသည်၊ ဤရောဂါ ဖြစ်ပွားပါက ရေများစွာ သောက်ပေးရန်လည်း အထူးအရေးကြီးပါသည်။
(၃) ရုတ်တရက် ကျောက်ကပ်ရောင်ရောဂါ (Acut Glomerulo nephritis)
ဤရောဂါတွင် အမျိုးအစား (၂) မျိုးရှိပါသည်၊ ပထမ အမျိုးအစား ကျောက်ကပ်ရောင်ရောဂါသည် အသက်ရှူလမ်းကြောင်း၌ Strep tococcus haemolyticus ပိုးမွှား ၀င်ရောက်ခြင်း (ဥပမာ- အာသီးရောင်ခြင်း) ဖြစ်ပေါ်ပြီးနောက် ၂ ပတ် ၃ ပတ် အကြာ၌ ဖြစ်ပေါ် လာတတ်ပါသည်၊ ဤရောဂါ ဖြစ်ပွားရခြင်းမှာ ထို Streptococcus ပိုးမွှားများ ကျောက်ကပ်သို့ ရောက်ရှိ ၀င်ရောက်ခြင်းကြောင့် မဟုတ်ဘဲ၊ ကျောက်ကပ်၏ စစ်ထုတ်ပြွန်ထိပ်ရှိ Glomerulus အတွင်း ထိုပိုးမွှားများမှ ထုတ်သော အဆိပ်ဓာတ် (toxin) များကြောင့် Allergic Reactionခေါ် ဓာတ်မတည့်မှု ဖြစ်ပွားသောကြောင့်ပင် ဖြစ်ပါသည်၊ ဤရောဂါ ဖြစ်ပွားလာပါက မျက်နှာ ဖေါရောင်ခြင်း၊ ငွေ့ ငွေ့ဖျားခြင်း၊ ခါးတစ်ဖက် တစ်ချက်တွင် အောင့်နေခြင်း၊ ဆီး၌ အမှုန်များပါလာ၍ နောက်နေခြင်းတို့ကို တွေ့ရှိရပါသည်၊ ဆီးစစ် ကြည့်ပါက သွေးနီဥများ တွေ့ရှိရသော်လည်း မည်သည့် ပိုးမွှားမှ ပါရှိခြင်း မရှိပါ။
ဤရောဂါသည် ဖြစ်ပွားသူ ၈၅% ခန့်၌ လုံး၀ ပျောက်ကင်းသွားလေ့ ရှိပြီး ၁၀- ၁၅% ခန့်မှာ နာတာရှည် ကျောက်ကပ်ရောင် ရော ဂါဖြစ်ပွားသွားပါသည်၊ ဤရောဂါကြောင့် သွေးတိုးရောဂါ အပြင်းစား (Malignant Hypertension) နှင့် ကျောက်ကပ် ပျက်စီး ယို ယွင်းသွားခြင်း(Renal Failure) တို့ ဖြစ်ပေါ်တတ်သဖြင့် အထူးဂရုစိုက် ကုသရမည့် ရောဂါဖြစ်ပါသည်၊ ဒုတိယ အမျိုးအစား ကျောက်ကပ်ရောင် ရောဂါကို (Nephrotic Syndrome) ဟုခေါ်သည်၊ ဤရောဂါ ဖြစ်ပွားရခြင်း အကြောင်းရင်းကို တိကျစွာ မသိရှိရ သေးပေ၊ ဤရောဂါ ဖြစ်ပွားလာပါက ခန္ဓာကိုယ်တစ်ခုလုံး ဖေါရောင်ခြင်း၊ ဆီးထဲ၌ ALbumin ခေါ် ပရိုတင်းဓာတ် တစ်မျိုး အများ အပြား ပါ၀င်လာခြင်းတို့ကို တွေ့ရှိရပါသည်၊ ဤရောဂါသည် နာတာရှည် ဖြစ်တတ်ပြီး နောက်ဆုံး သွေးတိုးရောဂါနှင့် ကျောက်ကပ် ပျက်စီးသွားခြင်းတို့ကိုလည်း ဖြစ်ပွားစေပါသည်။
(၄) ကျောက်ကပ်နှင့် ဆီးရောဂါများအနက် အမျိုးသမီးများ၌ အဖြစ်များပါသည်
ရောဂါတမျိုး ကျောက်ကပ်နှင့် ဆီးရောဂါများအနက် အဖြစ်များသော ရောဂါမှာ ဆီးလမ်းကြောင်း ရောင်ခြင်း (Urinary Infection) ဖြစ်ပါသည်၊ ၎င်းရောဂါသည် အမျိုးသမီးများ၌ အဖြစ်များပါသည်။ ကျောက်ကပ်နှင့် ဆီးရောဂါ ကင်းဝေးရအောင် မည်က့့သို့ စား သောက်နေထိုင်ရမည်နည်း။ ကျွန်ုပ်တို့၏ ခါးဘေး တစ်ဖက်တစ်ချက်တွင် တိတ်ဆိတ်စွာဖြင့် သွေးသန့်စင် ရှင်းလင်း ပေးနေသော ကျောက်ကပ် တစ်စုံသည် ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း အသီးသီး၏ လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်ရန် လိုအပ်သည့် “ရေနှင့် ဓာတ်ပစ္စည်းများ ကိုယ်ခန္ဓာအတွင်း မျှတစွာ ရှိနေစေရေး” အတွက် များစွာ အရေးကြီးလှပေသည်၊ သို့သော်လည်း ကျွန်ုပ်တို့သည် နှလုံး၊ အသည်းနှင့် အစာအိမ်တို့လောက် ကျောက်ကပ်ကို ဂရုမစိုက်မိပဲ ရှိတတ်ကြသည်၊ ရောဂါဖြစ်မှ ကုသရသည်ထက် ဆီးနှင့် ကျောက်ကပ် ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်သည့် အနေဖြင့် အောက်ပါ ဆောင်ရန်ရှောင်ရန် အချက်များကို လိုက်နာနေထိုင် သင့်ပါသည်။
ဆောင်ရန် ရှောင်ရန်များ
ဆောင်ရန်နှင့် ရှောင်ရန်များမှာ ရေများများ သောက်ပေးခြင်း၊ ဆီးအောင့် ထားခြင်းမှ ရှောင်ကျဉ်ခြင်း၊ ဆီးကို မှန်မှန် စစ်ဆေးပေးပါ၊ အာသီးရောင်၊ လည်ပင်းနာလျှင် ဆေးသေချာ ကုပါ။ အရက် အလွန်အကျွံ မသောက်ပါနှင့်။ အပူ အစပ် အလွန်အမင်း မစားပါနှင့်။ သွေးတိုးရောဂါ ရှိပါက သေချာ ဂရုစိုက် ကုသပါ။
(၁) ရေများများသောက် ပေးပါ။
အပူပိုင်း ဒေသများတွင် ချွေးများစွာ ထွက်တတ်သဖြင့် ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်များ များစွာကုန်ဆုံးလေ့ရှိပါသည်၊ ထိုသို့သော အခြေအနေတွင် ရေသောက်နည်းသဖြင့် ခန္ဓာကိုယ်အတွင်း ရေဓာတ် လုံလောက်စွာ မရရှိပါက ဖြစ်ပေါ်လာသော ဆီးသည် သိပ် သည်းမှု များလေ့ရှိပါသည်၊ ထိုအခါ ကယ်လဆီယမ်၊ အောက်ဇလိပ်နှင့် ယူရစ်အက်ဆစ် အနယ်များကျလာပြီး နောက်ဆုံး ကျောက် တည်ခြင်း ဖြစ်တတ်ပါသည်၊ ကျောက်မတည်အောင် ကာကွယ်လိုလျှင် ရေများများ သောက်ပေးရန် လိုပါသည်။ ထို့ပြင် ဆီးလမ်း ကြောင်းနှင့် ကျောက်ကပ်ရောဂါများသည်လည်း ရေများများသောက်ပါက ဖြစ်ပွားမှုနည်းပါးကြောင်း တွေ့ရှိရပါသည်၊ ထို့ကြောင့် ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်လိုလျှင် တစ်နေ့ကိုလျှင် ရေ ၁၀ ခွက်မှ ၁၂ ခွက်ထိ သောက်ပေးရန် လိုပါသည်။
(၂) ဆီးအောင့် မထားပါနှင့်။
ဆီးသွားနေချင်နေသော်လည်း အခွင့်မသာ၍လည်ကောင်း၊ မအားလပ်၍လည်ကောင်း၊ ဆီးအောင့်ထားခြင်းသည် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းအတွက် အန္ထ္တရာယ်ရှိပါသည်၊ ဆီးများ ဆီးအိမ်အတွင်း၌ ကြာရှည်စွာ ရှိနေခြင်းသည် ရောဂါပိုးများ ပွားများရန် ပို၍ အခွင့်အလမ်း ရှိစေပါသည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်ရောဂါများ ပိုမိုဖြစ်ပွားလေ့ရှိကြောင်း တွေ့ရှိရပါသည်။ ဆီးသွားချင် တိုင်း မကြာမကြာ သွားပေးခြင်းသည် ကျောက်ကပ်ရောဂါများ မဖြစ်ပွားရအောင် ကာကွယ်ရာရောက်သဖြင့် ဆီးအောင့်မထားရန် အထူးလိုအပ်ပါသည်။
(၃) ဆီးကို မှန်မှန် စစ်ဆေးပေးပါ။
ဆီးစစ်ပေးခြင်း (Urine Examination) လောက် အလွယ်ကူဆုံး၊ အသက်သာဆုံးနှင့် ရောဂါအတော်များများ ရှိမရှိ ထင်ရှားစွာ သိ စေနိုင်သည့် အခြားသောရောဂါ ရှာဖွေစမ်းသပ်နည်း မရှိသေးပါ၊ သို့သော်လည်း လူနာနှင့် ဆရာ၀န် နှစ်ဦးစလုံး ဆီးစစ်ဆေးခြင်းကို ဂရုမပြုမိတတ်ကြပေ။ ထို့ကြောင့် ဆီးနှင့် ကျောက်ကပ်ရောဂါ ရှိမရှိကို သိရှိနိုင်ရန် အနည်းဆုံး ၃ လ တစ်ခါခန့် စစ်ဆေး ကြည့်သင့် ပါသည်။
(၄) အာသီးရောင်၊ လည်ပင်းနာလျှင် ဆေးသေချာကုပါ။
အာသီးရောင် လည်ပင်းနာခြင်း (Tonsilitis) နှင့် အခြားသော အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားပါက ဆေးဝါး သေချာစွာ ကုသရန်လိုပါသည်၊ အဘယ်ကြောင့်ဆိုသော် အထက်ပါရောဂါများ ဖြစ်စေသည့် STreptococcus hamolyti cus ကြောင့် ကျောက်ကပ်ရောဂါ (Acute Glomerulonephritis Type) ဖြစ်ပေါ် စေနိုင်သောကြောင့် ဖြစ်ပါသည်။
(၅) အရက် အလွန်အကျွံ မသောက်ပါနှင့်။
အရက် အလွန်အကျွံသောက်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်အား ထိခိုက်စေသဖြင့် ရှောင်ရှားသင့်ပါသည်။
(၆) အပူအစပ် အလွန်အမင်း မစားပါနှင့်။
အချို့သောသူများ၌ ငြုပ်သီး၊ ငြုပ်ကောင်းကဲ့သို့သော အပူအစပ်များ အလွန်အမင်းစားပါက ကျောက်ကပ်ရောင်ခြင်းများ ဖြစ်ပွား တတ်သဖြင့် အလွန်အမင်း မစားသင့်ပါ။
(၇) သွေးတိုးရောဂါရှိပါက သေချာ ဂရုစိုက် ကုသပါ။
ကျောက်ကပ်အား အဓိက ထိခိုက်ပျက်စီးစေသည့် အကြောင်းရင်းမှာ သွေးတိုးရောဂါပင် ဖြစ်ပါသည်၊ ထို့ကြောင့် သွေးတိုးရောဂါ ရှိပါက သချောစွာ ဂရုစိုက် ကုသပါ၊ သွေးတိုး ရောဂါရှိခြင်း ကြာလာလေ ကျောက်ကပ်အား ထိခိုက်လေ ဖြစ်သဖြင့် သွေးတိုးရောဂါ ရှိပါက သေချာစွာ ဂရုစိုက် ကုသသင့်ပါသည်။
(ဤကျန်းမာရေး ပညာပေး ပို့စ်ကို မပန်းစပယ်က ဒေါက်တာအောင်မော်ရဲ့ ကျန်းမာစေကြောင်း နည်းလမ်းကောင်းများ စာအုပ်ကို စာဖတ် ပရိသတ်အတွက် ဗဟုသုတရစေရန် မိတ်ဆက်ပေးထားပါသည်။ အကျိုးများသည့် ပို့စ်ဖြစ်ပါသည်။)
Credit - မြစ်ကြီးနား အွန်လိုင်းမီဒီယာ
Comments
Post a Comment